A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Friday, November 26, 2010

ပြည်မြို့ ရဲ့  နာမည်ကြီး အစားအစာများ















ပြည်မြို့ကို သွားရောက်လည်ပတ်ကြတဲ့သူတွေကို စားစရာဆိုင် ကောင်းကောင်းလေးတွေ ရှိတဲ့နေရာလေးတွေကို လမ်းညွှန်ပြောပြချင်စိတ် ပေါက်လာတာနဲ့ပဲ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ကျွန်တော်တို့ ပြည်မှာ ထမင်းဆိုင်ကောင်းကောင်းစားချင်ရင် ကန်လမ်းကိုသွားပါ။ ကန်လမ်းထဲမှာ ယုဇနထမင်းဆိုင် နဲ့ မေရွက်ဝါ ထမင်းဆိုင်တို့ဟာ ပြည်မှာတော့ နာမည်ကြီးထမင်းဆိုင်တွေပါပဲ။ပြည်မှာ ဒီလောက် အစားအသောက် သားငါးပေါတာ။ ငါးသလောက်ဥတွေနဲ့ ထမင်းသုတ်၊ ဘုရားကြီး အဆင်းက မုန့်ဟင်းခါး လက်ဘက်ရည် ပဲပလာတာ ကြက်သားပလာတာ အသုတ်စုံ ဘာစားစား အရမ်းကောင်းပါတယ်။

ဒါမှမဟုတ် ပြည်မြို့က နာမည်ကျော် “ဒေါ်ဥထမင်းသုတ်” စားချင်တယ် ဆိုရင်တော့ ပန်းပဲတန်းလမ်းနဲ့ ပွဲစားလမ်းကိုသွားပါ(ဘယ်လောက်ကောင်းလဲ ဆိုရင် ဂျာနယ်ကျော်မမလေးတောင် သူ့ ဝတ္တုမှာ ထည့် ရေးထားတာနော်)။ စံနန်းဥိးနားမှာ လက်စွမ်းပြ ထမင်းသုပ်က ကလဲရှယ်တယ် ။ ကမ်းနားက အကြော်ကတော့ ကမ်းနားဘက် ညဈေးထိပ် ဟိန္ဒူ ကျောင်းနားက ဟာ မဆိုးဘူး ။ကော်ရည်၊ ဆီချက်နဲ့ ဆီကော်တို့ စားချင်သေးလား....ရတယ်၊ ကင်းဘုရားလမ်း နဲ့လမ်းရှည်လမ်းထောင့်ကို သွားလိုက်ပါ။ အဲဒီဆိုင်က အရသာတော်တော်ကောင်းပါတယ်။ ကျွန်တော် တို့ အမြဲသွားစားနေကြဆိုင်ပေါ့။

ကျွန်တော်တို့ပြည်ကကော်ရည်က ရန်ကုန်ကကော်ရည်နဲ့ တော်တော်ကွာပါတယ်။ ပြည်ကကော်ရည်က ကော်မှုန့်ကို သကြားတို့ ကြက်သားတို့နဲ့ ကော်ဟင်းရည်အဖြစ် ချက်ထားတာဖြစ်ပြီး အရောင်ကလည်း အကြည်မဟုတ်ဘဲ အနောက်ပါ။ အဲဒါကို ခေါက်ဆွဲနည်းနည်း၊ ပဲပင်ပေါက်နည်းနည်း၊ ကန်စွန်းရွက် ရေနွေးဖျောထားတာကို နည်းနည်းစီထည့်၊ အီကြာကွေးတွေကို ကတ်ကျေးနဲ့ ညှပ်ထည့်ပြီး အခုနအရည်နဲ့ ရောစားရတာပါ။ မဖြစ်မနေ ကော်ရည်နဲ့ တွဲဖက်စားသုံးရတာက ကြက်သွန်ချဉ် သို့မဟုတ် ဂေါ်ဖီချဉ် နဲ့အတူ ငြုပ်သီး အတောင့်ကြီးတွေကို ပါးပါးလှီးပြီးချဉ်ရည်စိမ်ထားတဲ့ ငြုပ်သီးချဉ်ပါ။

မုန့်ဟင်းခါးကောင်းကောင်းကိုမှ စားချင်သူတွေအတွက်က လမ်းရှည်လမ်းနဲ့ တရုတ်တန်းလမ်းထောင့်မှာ “နွယ်နွယ်” မုန့်ဟင်းခါးဆိုင် ရှိပါတယ်။ ကျွန်မတိုသူငယ်ချင်းတစ်သိုက် အမြဲသွားနေကျဆိုင်လေ။ နွယ်နွယ် မုန့်ဟင်းခါးက ဆန်လှော်နဲ့ ချက်တာပါ။ ပြီးတော့ ပုသိမ်ဆန်လှော် မုန့် ဟင်းခါးဆိုင်လေး..ကျွန်တော်တို့ ပြည်မှာက မုန့်ဟင်းခါးဆိုရင် ဆန်လှော်မုန့်ဟင်းခါးပဲ ရောင်းကြတာ များပါတယ်။ အလှူတို့၊ မင်္ဂလာဆောင်တို့မှသာ မုန့်ဟင်းခါးကို ပဲနဲ့ချက်ကြတာပါ။ အဲဒီဆန်လှော်မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ရယ်၊ ငါးဖယ်နဲ့ ဘဲဥစားချင်တဲ့သူက ငါးဖယ်၊ ဘဲဥရယ် ထည့်ပြီး နံနံပင်နဲ့ငြုပ်သီးမှုန့်လေးကို အပေါ်ကဖြူးပြီးတော့ကာများ စားလိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ (ပြည်ကိုရောက်ဖြစ်ခဲ့ရင် စားသာကြည့်လိုက်ကြပေါ့နော်)။ မုန့်ဟင်းခါးစားပြီး ဖျော်ရည်စုံသောက်ချင်သေးတယ် ဆိုရင်တော့ဖြင့် အဲဒီနွယ်နွယ်မုန့်ဟင်းခါးဆိုင်နဲ့ မျက်နှာချင်းဆိုင်က သစ်သီးဖျော်ရည်ဆိုင်ကိုပဲ ညွှန်းလိုက်ချင်ပါတယ်။ ပုသိမ်ဆန်လှော် မျက်နှာခြင်းဆိုင်ကတော့ သုံးရာသီ ဆိုတဲ့ အအေးဆိုင်ပေါ့(ကျွန်တော်တို့ ဗရုတ်ကျနေကြနေရာ)

ဒါမှမဟုတ် ကြက်သားပလာတာကောင်းကောင်း စားချင်သေးလား....။ စစ်ကဲလမ်းမှာ “မွတ်တား ပလာတာ” ရှိတယ်။ ဗိုလ်ချုပ်လမ်း ဗလီနားမှာ “ရာကွတ်ပလာတာ” ရှိတယ်။ ကြက်သားပလာတာဆိုတာက ပဲကို ကြက်သားတို့ အာလူးတို့နဲ့ အရည်ကျဲကျဲ ချက်ထားပြီး အဲဒီထဲကို ပလာတာနဲ့ ဆမူဆာကို ညှပ်ထည့်ပြီး စားရတာပါ။ အဲဒီ ကြက်သားပလာတာက ပြည်မှာပဲရှိမယ်လို့ ထင်မိပါတယ်။ တခြားမြို့တွေမှာရှိတယ်လို့ သိပ်မကြားမိသလိုပဲ။

ဒီလိုမှ မဟုတ်သေးပဲ လဘ္ဘက်ရည်ဆိုင်ကောင်းကောင်းထိုင်ချင်တာ ဆိုရင်တော့ ရွှေတစ်ချောင်းလမ်းမှာ “မေတ္တာရိပ်” ရှိတယ်။ မြို့သစ် သံလမ်းဂိတ် ဆေးရုံကြီးရှေ့မှာ “Day & Night” ရှိတယ်။ “မေတ္တာရိပ် ”ကတော့ ပြည်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့နေရာ ဖြစ်ပြီး “Day & Night” ကတော့ GTC နဲ့GCCကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့ နေရာလေးလေ (ကျွန်တော်တို့လည်း အပါအ၀င်ပေါ့)။ပေါက်စီကောင်းကောင်းစားချင်ရင် မင်္ဂလာနံနက်ခင်း ကိုသွား။ တစ်ညလုံး ဖွင့်တဲ့ဆိုင်ရှာချင်ရင် ညဈေးနားမှာ ဒေးဗစ်ဆိုင်ရှိတယ်။ ညဈေးက နန်းကြီးသုပ်နဲ့ ရွှေကြည်ဆနွမ်းမကင်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်ထဲကforever ဆိုင်နဲ့ ဆေးရုံဝင်းကြီးနောက်က မြကျောက်ဆိုင် တွေကလည်း လူရှင်းပြီး အေးအေးဆေးဆေး ထိုင်လို့ ကောင်းတယ်။တံတားအောက်က view point ကတော့လူနည်းနည်းရှုပ်တယ်။ဈေးလဲကြီးတယ်။အိုဆာကာခေါက်ဆွဲ စားချင်ရင်တော့ ရွေတောင်မြို့ အထိသွားရမယ်။

တကယ်က ဒီဆိုင်တွေက နာမည်ကြီးဆိုင်တွေပါ။ အဲဒီဆိုင်တွေလောက် နာမည်မကြီးပေမယ့် သူ့ဟာနဲ့သူ နာမည်ရပြီးသား အရသာကောင်းတဲ့ ဆိုင်သေးသေးလေးတွေကလည်း ပြည်မှာအများကြီးပါပဲ။ ဒါကဆိုင်တွေကိုပဲ ညွှန်းထားသေးတာပါ။ နောက်ကြုံမှ ပြည်မြို့က ဒေသစားစရာတွေအကြောင်း ရေးရဦးမယ်။
အော်မေ့တော့မလို့  ပြည်ရဲ့ နာမည်ကြီး သရေစာ တစ်ခုကျန်ခဲ့သေးတယ်ဗျ .. ဘာလဲဆိုတော့ ပြည်မလိုင်ပါတဲ့ ခင်ဗျာ .. ပြောရင်းဆိုရင်း မြေအိုးမလိုင် က မျက်လုံး ထဲကိုဝင်လာတယ်ဗျာ . . . .

သူငယ်ချင်းတို့ရေ.... (ပြည်မြို့နဲ့ဝေးရာကိုရောက်နေကြသူများ) ဒီပိုစ့်လေးကို ဖတ်ပြီး ပြည်ကအဲဒီဆိုင်တွေကို သတိရပြီးတော့ကာ ပြည်ကိုပြန်ချင်စိတ်တွေ ပေါက်လာရင်တော့ ကျွန်တော်တာဝန်ဟုတ်ဘူးနော်။ကျွန်တော်ကတော့ ဒီပိုစ့်ကိုရေးနေရင်း ဘယ်နှစ်ခါမှန်း မသိဘူး တံတွေးတွေ မျိုမျိုချရတာလေ။း)))

(မအင်ကြင်းသန့်  ရဲ့  စာလေးတခို့ ကို ကိုးကားပြီး ထပ်ပြင်ထားတာပါ)

သီချင်းလေးတွေက ဒီမှာ


MusicPlaylist