Wednesday, November 17, 2010
ချစ်သော သရေခေတ္တရာ
သရေခေတ္တရာမြို့ ဟောင်း နေရာသည် ယခုပြည်မြို့  ၏ အရှေ့ တောင်ဘက် ၅ မိုင် အကွာ တွင်တည်ရှိသည်။ သရေခေတ္တရာမြို့ ဟောင်းကို သာသနာသက္ကရာဇ် နှစ် ၁၀၁ တွင် စတင် တည်ထောင်ခဲ့သည်။ သရေခေတ္တရာမြို့ တော်ကို စတင်တည်ထောင်ခဲ့သူမှာ ဒွတ္တဘောင်မင်း ဖြစ်သည်။ အသရေရှိသော မြေအရပ် (သရေခေတ္တရာ) ဟု အဓိပ္ပါယ် ရသည်။
မြို့ ပုံစံ
သရေခေတ္တရာမြို့ ဟောင်းပုံသည် စက်ဝိုင်းပုံလဲမကျ၊ ဘဲဥပုံလဲမကျသည့် အ၀န်းအ၀ိုင်း ပုံဖြစ်သည်။မြို့ရိုးအ၀န်းသည် ၈ မိုင်ခွဲခန့်ရှည်လျားပြီး၊ မြို့အကျယ်ဧရိယာသည် အကြမ်းဖျင်းအားဖြင့် စတုရန်းမိုင် ၅ မိုင်ခွဲခန့် ရှိပေသည်။ တောင်မြောက်အကွာအဝေးမှာ ၂ မိုင်ခွဲခန့် ရှိပြီး၊ အရှေ့အနောက်အကွာအဝေးသည် ၂ မိုင်ခန့်ရှိသည့် အတွက် မြို့ပုံ သဏ္ဍန်မှာ စက်ဝိုင်းမကျတကျ တည်ရှိနေပေသည်။ ကျုံးသည် မြို့ရိုးကိုဝန်းရံလျက် ရှိပြီး၊ အုတ်မြို့ရိုး ပတ်လည်တွင် မြို့ပေါက်များဖေါက်လုပ်ထားသည်။ အချို့နေရာများတွင် မြို့ရိုး ၂ ထပ် ၃ ထပ်ရှိသည့် နေရာလည်း တွေ့ရပြီး တချို့နေရာများတွင် အမြင့်ပေ ၁၅ ပေ ၄ လက်မခန့် အကျယ် ၁၇ ပေခန့် ရှိသည်ကိုလည်း တွေ့ရသည်။ မြို့ရိုး၏ အလယ်ဗဟို လောက် နေရာတွင် အလျား ၁၇၀၀ ပေနှင့် အနံ ၁၁၂၅ ပေခန့်ရှိသည့် စတုဂံပုံသဏ္ဍာန် နန်းတော်ရာဟောင်း နေရာရှိသည်။
ရှေးဟောင်စေတီပုထိုးများ
သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဘက်ပိုင်းတွင် ပျူလူမျိုးတို့ တည်ထားခဲ့သော ရှေးဟောင်းစေတီ အများအပြားကို ယနေ့တိုင် ဖူးတွေ့နိုင်သေးသည်။ ဘောဘောကြီး၊ ဘုရားကြီး နှင့် ဘုရားမာ စေတီသုံးဆူမှာ မြို့ရိုးအပြင်၌ဖိုခနောက် ဆိုင်အနေအထားဖြင့် မြို့ကိုဝန်းရံတည်ရှိနေသည်။ ရှေးခေတ် ပျူလူမျိုးတို့၏ ဗိသုကာ လက်ရာကို ဤသာသနာ အဆောက်အဦးများကို ကြည့်၍ လေ့လာသုံးသပ်နိုင်သည်။
ဘောဘောကြီး ဘုရားသည်သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်မြို့ရိုး အနီးတွင် တည်ရှိသည်။ စက်ဝိုင်းပစ္စယံ အနိမ့်၅ ဆင့်ပေါ်တွင် တဖြောင့်တည်း မတ်မတ်မြင့်တက် သွားပြီး စေတီ၏ထိပ်ပိုင်းအခုံးပေါ်တွင် ထီးတော်တင်ထားသည်။ စေတီအတွင်း တွင် ဥမင်လှိုဏ်ခေါင်းရှိသည်။ အပေါ်ဆုံးပစ္စယံအခြေမှ စေတီကိုယ်လုံးဥမင်လှိုဏ်သို့ဝင်ရန် အပေါက်ဖေါက်ထား သည်။ စေတီ၏ ဥာဏ်တော်အမြင့်ပေမှာ ၁၅၃ ပေမြင့်သည်။ ဒွတ္တဘောင်မင်းကြီး၏ ကုသိုလ်တော်ပင် ဖြစ်သည်ဟု ဆိုကြသည်။ ပစ္စယံနိမ့်နိမ့်ပေါ်တွင် အထက်သို့ တဖြည်းဖြည်းစုချွန်သွားသော စေတီလုံးဖြစ်ပြီး၊ စေတီထိပ် အချွန်ပေါ်တွင် ထီးတော်တင်ထားသည်။ ရှေးမူမပျက် အတိုင်းပင် တည်ရှိသည်။ ဘောဘောကြီးဘုရား သည် မြန်မာပြည်တွင် ရှေးအကျဆုံးစေတီတစ်ဆူဖြစ်မည်ဟု တွက်ဆနိုင်သည်။
ယဉ်ကျေးမှု
သရေခေတ္တရာ၏ ယဉ်ကျေးမူ့ဓလေ့ထုံးစံများမှာ အဆင့်အတန်း မြင့်မားစွာ တည်ရှိခဲ့ ကြောင်း ကျန်ရစ်ခဲ့သော အထောက်အထားများအရ သိသာထင်ရှားစွာ တွေ့ရှိ နိုင်သည်။ တူးဖေါ်တွေ့ရှိရသော အရုပ်များကိုကြည့်ခြင်းအား ဖြင့် ပျူလူမျိုး၊ အမျိုးသမီး၊ အမျိုးသား များသည် အများအားဖြင့် ကိုယ်ခန္ဓာအောက်ပိုင်းတွင်သာ အ၀တ်အစားများ ၀တ်ဆင် တတ်ကြောင်းတွေ့ရသည်။ ပုတီးလည်ဆွဲများအားလည်း ၀တ်ဆင်တတ်ကြပြီး၊ ဆံပင် အရှည်များကို ထိပ်တွင်စုစည်း၍ သော်လည်းကောင်း၊ ဆံထုံး ထုံးထားကြသည်ကို လည်းကောင်း၊ အချို့မှာ ဦးရစ်ခေါင်းပေါင်းများပေါင်းထားကြသည်ကို လည်းကောင်း ရုပ်တု၊ရုပ်လုံး၊ရုပ်ကြွများမှတဆင့် သိရှိနိုင်ပေသည်။ အရိုးအိုးများ၊ သာသနာရေးဆိုင်ရာ အဆောက် အဦးများ၊ ကျောက်စာများတွင် ပျူဘာသာ၊ပါဠိဘာသာ၊ သက္ကတဘာသာ နှင့်ရေးထိုးထားကြောင်း တွေ့ရှိရ၍ သရေခေတ္တရာ တွင် စာပေထွန်းကားနေကြောင်း သိသာထင်ရှားလှသည်။ သံထည်ပစ္စည်းများကို အဆောက်အဦးများ မြို့ရိုးများတွင် လည်းကောင်း၊ အသုံးအဆောင် လက်နက်ကိရိယာများ အဖြစ်လည်းကောင်း တွေ့ရခြင်း ကြောင့် သရေခေတ္တရာခေတ်ပျူတို့သည် သံကိုပိုင်နိုင်စွာ အသုံးချနေကြောင်း သိရ ပေသည်။ တရုတ်မှတ်တမ်းများနှင့် တူးဖေါ်တွေ့ရှိချက်များအရ ဂီတ၊ အက စသော အနုပညာများလည်း ကောင်းစွာ ထွန်းကားခဲ့လေသည်။
ဓလေ့ထုံးစံ
ပျူတို့သေဆုံးလျင် အလောင်းကို မီးရှို့၍ပြာချကာ အိုးများဖြင့် မြုပ်နှံကြောင်း တွေ့ရပေ သည်။ အရိုးပြာအိုးများတွင် အရိုးနှင့်ပြာများသာမက လူတို့သုံးစွဲသော အသုံးဆောင် အသေးစားလေးများ လည်း ပါဝင်ကြောင်းတွေ့ရသည်။ အရိုးအိုးများအားလည်း လူတန်းစားကွဲပြားမူ့အလိုက် အမျိုးမျိုးအသုံးပြုခဲ့ကြသည် ပြီး တန်ဆာဆင်ပုံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီ ကြချေ။ အရိုးအိုးများအား အစုလိုက်၊အပြုံလိုက် တစ်နေရာ တည်းမှာပင် တွေ့ရတတ် သောကြောင့် ဆွေစု၊မျိုးစုလိုက် အရိုးအိုးများ မြုပ်နှံသော ဓလေ့သည် ပျူတို့၏ ယဉ်ကျေးမူ့ တစ်ရပ် အဖြစ်ယူဆနိုင်ပေသည်။
နိဂုံး
ဒွတ္တဘောင်မင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်း သော မင်းဖြစ်သည်။ အချိန်ကား သာသနာနှစ် ၁၇၁ (B.C 373) တွင်ကွယ်လွန်ခဲ့သည်။ တူးဖေါ်မှုများကို ဆက်လက် လုပ်ဆောင်နေကြပြီးသိပ္ပံနည်းကျ သုတေသနများ ပြည့်စုံ လာသောအခါ ပိုမိုတိကျသည့် ဆုံးဖြတ်ချက်၊ကောက်ယူချက်များကို ထပ်မံဖေါ် ပြပါမည်။
မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးသည်။ ထိုမြို့တော်သုံးခု မှာ မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊ ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာ မြို့များ ဖြစ်ကြသည်။ ယင်း ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာသည် စည်ပင်အ၀ပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦး များ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြသည်။
၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် မီးရထားလမ်းအား ဖေါက်လုပ်ရာတွင် ရထားလမ်းအား မြို့ဟောင်း၏ အရှေ့တောင်၏ ဒေါင့်မှ အနောက်မြောက်ဒေါင့်ဆီသို့ ကွေ့ဝိုက်ဖေါက်လုပ်ခဲ့သည်။ မှော်ဇာဘူတာရုံအားလည်း သရေခေတ္တရာမြို့ဟောင်း နန်းတော်ရာ၏ အရှေ့မြောက်ထောင်အရပ် သံလမ်းတစ်ဖက်ခြမ်းတွင် တည်ဆောက်စေခဲ့သည်။ မြို့ရိုးရှိ အုတ်တို့ကို သံလမ်းဖေါက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။
သရေခေတ္တရာမြို့ဟောင်း တူးဖေါ်မှု့အား အင်္ဂလိပ်လက်ထက်ကပင် စတင်ခဲ့ကြပြီး၊ ခေတ်အဆက်ဆက် တူးဖေါ် ရှာဖွေခဲ့ကြသည်။ ပြည်မြို့သို့ အလည်အပတ်၊ဘုရားဖူးသွားသူ အများစုသည် သရေခေတ္တရာ မြို့သို့လည်း သွားရောက် လည်ပတ်ကြသည်။
Labels:
ထွေရာလေးပါး