A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Wednesday, November 17, 2010

အံ့ဖွယ်ထူးခြားသောပြည်မြို့ 

တိုင်းပြည်လုံးချမ်းသာဆယ်ထပ်ကြီးဘုရား



ပြည်မြို့ ၊ ဆယ်ထပ်ကြီးဘုရား

ဒွတ္တဘောင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမျှော်ရန်လာရောက်သောအခါ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဖက်ရှိ ဇေယျပထ၀ီအောင်မြေကုန်းတွင် မင်းကြီး စီးတော်ဆင်နှင့်မြင်းတို့ကိုချည်နှောင်ထားလေ့ရှိပါသည်။ မှူးကြီးမတ်ရာသေနာပတိတို့ ဆင်တပ်ကြီးကို အရှေ့ဖက်စောင်းတန်းထိပ်တွင် စခန်းချခဲ့သဖြင့် ယခုအခါဆင်တဲကျောင်းဟု အမည်တွင်ခဲ့ပါသည်။ ဒွတ္တဘောင်မင်းကြီးနတ်ရွှာစံသောအခါ သားတော်ရဟန်းနာအရှင်စန္ဒာသိရီနှင့်အရှင်စန္ဒာဂရာဇာတို့ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဓါတ်တော်နှင့် မင်းမိဖုရား၏ လက်ဝတ်တန်ဆာတို့ကို ဌာပနာပြီးရဟန်းနာအရှင်သူမြတ်နှစ်ပါးနှင့် ပန်ထွာမိဖုရားတို့ ကြီးကြပ်ကာ ဆင်ချည်တိုင်နှင့် မြင်းချည်တိုင် ညီနောင်စေတီနှစ်ဆူကို တည်ထားတော်မူခဲ့ပါသည်။ ထို့နောက် ဆင်ချည်တိုင် ၊ မြင်းချည်တိုင်စေတီနှစ်ဆူမှာ နှစ်ကာလကြာနှောင်းလာသောအခါ ပျက်စီးလာသဖြင့် ဆရာတော်ဘဒ္ဒ န္တတေဇ၀န္တဦးဆောင်ပြီး ဇေယျပထ၀ီကုန်းမြေပေါ်ရှိ ဆင်ချည်တိုင်၊ မြင်းချည်တိုင်စေတီတော်နေရာတွင် ဆယ်ထပ်ကြီးဘုရားကို( ၁၂၈၀ )ခုနှစ်မှစပြီး တည်ထားခဲ့ရာ နှစ်ကြိမ်တိုင်တိုင် အထမမြောက်ဘဲပြိုကျခဲ့သဖြင့် ( ၁၂၈၂ )ခုနှစ်တွင် ဗေဒင်ပညာရှိများ၏ တွက်ချက်မှုအရ ကဏာ ဇာလီကိန်းနက္ခတ်ကျနေသဖြင့် မောင်နှမအရင်းအထက်အောက်ဖြစ်ပြီး မောင်ဖြစ်သူစနေသားနှင့် နှမဖြစ်သူ ကြာသပတေးသမီးတို့ အုတ်မြစ်ချမှသာလျှင် အောင်မြင်မည်ဖြစ်သဖြင့် လိုက်လံရှာဖွေရာ အချို့မိဘများမှာ မိမိတို့သားသမီးများကို ဘုရားတည်ရန်အတွက် စတေးလိမ့်မည်ဟုယူဆပြီး မိမိတို့သားသမီးတို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ပါသည်။ သို့ရာတွင် မိဘများ၏ ခွင့်ပြုချက်အရ မောင်တင်မောင် ( ဂ)နှစ်သားနှင့် မခင်သန်း ( ၅ )နှစ်သမီး မောင်နှမနှစ်ယောက်တို့ကို ၀ါးတပြန်သာသာနက်သော မြေကြီးကျင်းထဲသို့ လူကြီးများကပွေ့ချီကာဆင်းပြီး ရွှေချထားသော အုတ်နှစ်ချပ်ကို ကိုင်ဆောင်စေလျှက်အုတ်မြစ်ချခဲ့ပါသည်။ ထိုအခိုက်ကျင်းကြီးနှုတ်ခမ်းများ စစ်ဗာယီများက သေနတ်များကိုမိုးပေါ်သို့ ထောင်ပြီးပစ်ဖောက်ရာ မြေကြီးမှာသိမ့်သိမ့်ခါခဲ့ပါသည်။ အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ်ပုပ္ပါးဆရာကြီး ဦးစော်ဘွားမှ ပန္နက်ချသော မောင်နှမနှစ်ယောက်၏ နောက်မှနေပြီး ဂါထာမန္တံများရွတ်ဖက်ခြင်း ၊ ခရုသင်းဖြူဖြူများမှုတ်ခြင်း ငွေဖလားကြီးနှင့် သပြေခတ်မှ ရေစက်များ ပတ်ဖြန်းပေးခဲ့ပါသည်။ ကျင်းကြီးအပေါ်မှ ပရိတ်သတ်များက ပန်းပေါက်ပေါက်များကြဲချခဲ့ပါသည်။ အဲ့ဒီအကြိမ်မှာ ဆယ်ထပ်ကြီးဘုရားတည်ရန်အတွက် တတိယအကြိမ်အုတ်ဖြစ်ချခဲ့ခြင်းဖြစ်ပါသည်.....။ ဆယ်ထပ်ကြီးဘုရားတည်ထားကိုးကွယ်ရန်အတွက် ဥာဏ်တော်အချိုးအစားကို
ဝင်မစွတ်မြို့စားကြီးမှ ရှေ့အစဉ်အလာလင်္ကာအရ အတိုင်းအထွာရေးဆွဲပေးခဲ့ပါသည်။ ရုပ်ပွားတော်ကြီးအား ပန်းရံဆရာကြီး( ၆ )ဦးမှာ အချိုးအစားပြေပြစ် ကြည်ညိုဖွယ်ကောင်းအောင် သုံးနှစ်တိုင်တိုင်အချိန်ယူကာ အချောသတ်ပြီး ပြီးမြောက်အောင်မြင်သည်အထိ တည်ဆောက်ခဲ့ပါသည်။ ထို့နောက်မန္တလေးမြို့မှ မှာယူထားသည့် စကျင်ကျောက်ရုပ်ပွားတော်မှာ လေးလံလွန်းသဖြင့် အသုံးမပြုတော့ဘဲ မဟူရာမျက်လုံးတော်ကိုသွေး၍ ပူဖော်ခဲ့ပါတယ်။ သို့ဖြစ်၍ ( ၁၂၈၀ )ပြည်နှစ်မှ စတင်တည်ထားခဲ့ရာ မူလဆင်ချည်တိုင်၊ မြင်းချည်တိုင် စေတီနှစ်ဆူမှာ ဓါတ်တော်များနှင့်လက်ဝတ်ရတနာများကို ဌာပနာပြီး ( ၁၂၉၀ )ပြည့်နှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပြီး ( ၁၀ )နှစ်တိုင်တိုင် တည်ထားခဲ့ရသဖြင့် ( ၁၀ )ထပ်ဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့ရပါသည်။ ဥာဏ်တော်အမြင့်မှ ( ၇၃ )တောင် ( ၇ )လက်မ ၊ ( ၁၁၀ )ပေ ( ၁ )လက်မ ဖြစ်ပါတယ်။ ဆရာတော်ဘဒ္ဒန္ဒတေဇ၀န္တမှ ဦးဆောင်တည်ထားခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးနှင့် စစ်ပြီးခေတ်နှစ်ပေါင်းများစွာ ထိန်းသိမ်းပူဇော်ခဲ့မှု ကင်းမဲ့ခဲ့သဖြင့် တိုင်းပြည်လုံးချမ်းသာဘုရားကြီးမှာ ချုံနွယ်ပိတ်ပေါင်းများနှင့်ဖုံးလွှမ်းကာ ညဥ့်အခါမှောင်နှင့်မည်းမည်းတစ်ပါးတည်း ဧကစာရီကျင့်သုံးတော်မူခဲ့ရပါသည်။ ထို့နောက် ( ၁၃၃၉ )ခုနှစ် ၊ နယုန်လဆန်း ( ၁၃ )ရက်နေ့ တိုင်းပြည်လုံးချမ်းသာဘုရားကြီးကို စေတနာရှင်သဒ္ဒါတရားထက်သန်ကြသော ရဟန်းရှင်လူပြည်သူအများတို့က ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ကြပါတယ်...။
ယနေ့တိုင် ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်မြို့ ၊ ဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားအရှေ့ဖက် တွင်“ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီး ” ကို ကြည်ညိုဖွယ်ရာ လာရောက်ဖူးမျှော်နိုင်ပါကြောင်း နှိုးဆော်လိုက်ရပါတယ် .................... ။
လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး



ပြည်မြို့ ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာမြင်ကွင်း
ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်းကို ကျွန်တော်အနည်းငယ်တင်ပြစေချင်ပါတယ်.....လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ““လေးဆူဓါတ်ပျော်““ဟု ဆိုရခြင်းမှာ( ၁ )ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော် ( ၂ )ကောဏဂုံမြတ်စွားဘုရား၏ အံသကုဋ်တော်( ၃ )ကဿဖမြတ်စွာဘုရား၏ ခါးပန်းတော် ( ၄ )ဂေါတမမြတ်စွာဘုရား၏ ဆံတော်လေးဆူ၊ မွေးရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍တည်ထားသောကြောင့် ဖြစ်ပါတယ်..စေတီတော်မြတ်ကြီ တည်ထားသော တောင်တော်ကို “ သုဒဿန”တောင်တော်ဟု ခေါ်ဆိုပါတယ်.. မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်းဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော်ဖြစ်ပါတယ်။အဆိုပါစေတီတော်ကြီး၏ ဒယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊သမ္ဘုလ္လနဂါးမင်း၊ သိကြားမင်း၊ ဗြမ္မာမင်းတို့ဖြစ်ကြပါတယ်။ မဟာသက္ကရာဇ်
( ၁၀၃ )ခုနှစ်၊ တပေါင်းလဆန်း( ၁၃)ရက်နေ့တွင် စတင်တည်ထားရာ ထိုနှစ်တပေါင်းလပြည့်နေတွင် ပြီးဆုံးခဲ့ပါတယ်။သက္ကရာဇ် ( ၁၂၆ )ခုနှစ်တွင် သရေခေတ္တရာပြည်ကို စိုးစံတော်မူသော ဒွတ္တဘောင်မင်းကြီးသည် ယခင်စေတီတော်မြတ်ကြီးကို ယခုဖူးမျှော်ရသည့်အတိုင်း ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်...။ မြန်မာမင်းများ အဆက်ဆက် စေတီတော်ကို ဖူးမျှော်ကြည်ညိုကြပြီး လိုအပ်သည်များကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။သက္ကရာဇ် ( ၄၄၅ )ခုနှစ် ( အေဒီ - 1083 ) တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီးသည် စေတီတော်ကိုဖူးမျှော်ကြည်ညိုပြီး မိမိ၏ဘ၀ဖြစ်စဉ်နှင့် စေတီတော်သမိုင်းအကျဥ်းကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုးပြီးစေတီတော်၏ အလယ်ပစ်စယံ တနင်္ဂနွေထောင့်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောက်စာတိုက်တည်ဆောက်၍ ထိန်းသိမ်းထားပါတယ်..။အင်းဝခေတ်တွင် မြန်မာ့သမိုင်း၌ အရေးပါသောဖြစ်စဉ်တစ်ခု ရွှေဆံတော်ရင်ပြင်တော်ပေါ်တွင် ဖြစ်ပွားခဲ့ပါတယ်။ အကြောင်းမှာ အင်းဝဘုရင် မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့ ရွှေဆံတော်ဘုရားရင်းပြင်တော်ပေါ်တွင် သစ်စာပြု၍ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ သက္ကရာဇ် ( ၁၁၁၆ )ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ( 12 )ရက်နေ့တွင်အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့လက်ဝယ်မှ အောင်မြင်စွာသိမ်းပိုက်ခဲ့ပါတယ်.... အလောင်းမင်းတရားကြီးသည် ထိုနေ့ညနေမှာပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမျှော်ရာတွင် မိမိ၏ကုသိုလ်ရွှေထီးတော်တင်လှူလိုသော ဆန္ဒပေါ်ပေါက်လာသဖြင့် ထိုနှစ်တပေါင်းလပြည့်နေတွင် ယခင်မွန်ဘုရင်တို့တင်လှူခဲ့သော မွန်ထီးတော်ကိုမဖယ်ရှားပဲ မြန်မာထီးတော်ကို ဆင့်၍တင်လှူပူဇော်ခဲ့ပါတယ်....။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယခုတိုင် ထီးတော်( ၂ )ဆင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။
၎င်းပင်လျှင် စေတီတော်ကြီး၏ထူးခြားချက်ဖြစ်ပါတယ် ... ။ စေတီတော်ကြီး၏ ထီးတော်(၂)ဆင့်ကို ပုံစံပြု၍ ပြည်မြို့အနီးဝန်းကျင်ရှိ စေတီတော်များတွင်လည်း ထီးတော်(၂)ဆင့်ပုံစံဖြင့် တင်လှူပူဇော်သောအစဉ်အလာ ဖြစ်ပေါ်ခဲ့ပါတယ်။ခရစ်နှစ် ( 1858 )ခုနှစ် ( ၁၂၂၀-ခု၊ ၀ါခေါင်လပြည့် ) ညနေ( ၃)နာရီအချိန်တွင် ပြင်းထန်သောမြေငလျှင်တစ်ခုဖြစ်ပွားခဲ့ရာ လေးဆူဓါတ်ပျှော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးခဲ့ပါတယ်...။ ထိုအကြောင်း ပြည်မြို့ရှိ ကုန်သည်ကြီး ဦးသာရွဲ က မင်းတုန်းမင်းကြီးထံသို့ သွားရောက်လျှောက်ထားရာ မင်းတုန်းမင်းက ပြင်ဆင်ခွင့်စာချွန်တော်နှင့် အလှူတော်ငွေ နှစ်သောင်းကျပ်ထည့်ဝင် လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေတို့ဖြင့် စုပေါင်းကာစေတီတော်ကြီးကို ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါတယ်။ ( 13.4.2002 )ခုနှစ်၊ စနေနေ့ ညနေ ( 04း15 )အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်မြတ်ကြီး၏ ထီးတော် ယိုယွင်းပျက်စီးသွားခဲ့ပါတယ်...။ ၄င်းကို ရဟန်းရှင်လူပြည်သူများသည် ( 21.10.2002 )ရက်နေ့ ၊ တနင်္လာနေ့တွင် ရွှေသားအတိပြီးသော ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့ကို အသစ်ပြန်လည် တင်လှူပူဇော်ခဲ့ပါတယ် ... ။လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ( ၅ )နှစ်တစ်ကြိမ် ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းမြဲဖြစ်ပါတယ်....။ လုံတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ( 15.1.2006 )ရက်နေ့၊ တနင်္ဂနွေနေ့မှ( 26.4.2006 ) ဗုဒ္ဓဟူးနေ့အထိ အောင်မြင်စွာကပ်လှူပူဇော်နိုင်ခဲ့ပါတယ် ..... ။
နှစ်စဉ်တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်နေ့ရောက်တိုင် ရွှေဆံတော်ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါတယ်။ယခုအခါ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ပြည်မြို့ ၊ သုဒဿနတောင်တော်ထက်တွင် ရွှေတောင်ကြီးပမာ သပ္ပါယ်တည်ရှိ၍ ဗြမ္မာနတ်လူ၊ သုံးဘုံသူတို့၏ပူဇော်အထူးကို ခံယူတော်မူလျှက်ရှိပါကြောင်းနှင့် ပြည်မြို့သို့ တခါတခေါက်ရောက်ခဲ့လျှင် ၀င်ရောက်ဖူးမျှော် ကြည်ညိုနိုင်ကြပါကြောင်း နှိုးဆော်တင်ပြလိုက်ရပါတယ် .....
ရွှေတောင်မြို့ မှ အံ့ဖွယ်ထူးဆန်း ရွှေမျက်မှန် ဘုရားကြီး





ရွှေမျက်မှန် ဘုရားကြီး ( ရွှေတောင်မြို့ )
အခုကျွန်တော် မြန်မာနိုင်ငံမှာ တစ်ဆူတည်းသာရှိပြီး ထူးခြားစွာ ရွှေမျက်မှန်တပ်ဆင်ထားတဲ့ သမိုင်းဝင် ““ ရွှေမျက်မှန် ”” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်းကို တင်ပြပူဇော်ချင်ပါတယ်... ရုပ်ပွားတော်မြတ်ကြီးရဲ့ တည်နေရာကတော့ ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် တည်ရှိပါတယ်.....
ပျူခေတ်နှောင်း ၊ သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရား၊ စန္ဒာ ဒေ၀ီမိဖုရားတို့ဟာ ရွှေနတ်တောင် စေတီတော်မြတ်ကြီးကို ဖူးမျှော်ပြီးအပြန် ယခုရွှေတောင်မြို့၊ တည်ကုန်းရပ်တွင် ညအိပ် ရပ်နားခဲ့ပါတယ်။ ဗိဿနိုးမိဖုရားကြီးက ဤအရပ်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်းအိမ်မက် မြင်မက်ခဲ့သဖြင့် နံနက်မိုးလင်းသောအခါ မင်းကြီးအားလျှောက်တင်၍ မှူးမတ်၊ပရိတ်သတ်တို့နှင့် အိမ်မက်အရ လိုက်လံရှာဖွေခဲ့ပါတယ်...
အဲ့ဒီလို လိုက်လံရှာဖွေရာမှာ ဖျောက်ဆိပ်ကုန်း ( ယခု-သိမ်ကုန်း )သို့ရောက်သောအခါ ထူးခြားသော ရောင်စဉ်တန်းများကောင်းကင်သို့ ဖြာတက်သွားတာကို မင်း၊မိဖုရား၊ မှူးမတ်အပေါင်းတို့ တွေ့မြင်လိုက်ရသဖြင့် ထိုနေရာတွင် မိမိတို့ဘုရားတည်ရန်အတွက် နတ်ကောင်းနတ်မြတ်များကပြသခြင်းဖြစ်သည့်ဟု ယုံကြည့်သဖြင့် မဟာသက္ကရာဇ် ( ၂၅၀ )ခုနှစ်တွင် ယခုရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါတယ်... ( တည်ထား ကိုးကွယ်စဉ်အခါက မျက်မှန်တပ်ဆင်ထားခြင်းမရှိပါဘူး )
ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့ပြီး မကြာမီမှာပဲ ဒွတ္တဘောင်မင်းတရားကြီးရဲ့ နတ်မျက်စိ အလင်းရောင်ကွယ်ပျောက်သွားရာ ပညာရှိမူးမတ်များက ဗေဒင်ကိန်းခန်းများတွက်ချက်ကြည့်ရာ တည်ထားကိုး ကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့်လိုက်ဖက်ညီသော မျက်လုံးတော်ပုံသဏ္ဍန်နှင့် တူညီသည့် မှန်တစ်စုံကို ဆပ်ကပ်လှူဒါန်းပါက မင်းကြီး၏နတ်မျက်စိအလင်းပြန်လည်ရရှိမည်ဟု လျှောက်တင် သဖြင့် မှန်တစ်စုံကို ရုပ်ပွားတော်မြတ်ကြီးအား ဆပ်ကပ်လှူဒါန်းခဲ့ရာ မင်းကြီး၏နတ်မျက်စိအလင်းပြန်လည်ရရှိ ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်.... မြန်မာသက္ကရာဇ် (၁၂၂၇ )ခုနှစ်တွင် ရွှေတောင်မြို့စားကြီး ဇေယျနန္နမိတ် က ယင်းရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံ၍ ဒွတ္တဘောင်မင်းကြီးဆပ်ကပ်လှူဒါန်း ခဲ့သော မှန်တစ်စုံကို ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွမ်းမံတပ်ဆင်ပူဇော်ခဲ့ပါတယ်...
မြန်မာသက္ကရာဇ် ( ၁၂၄၇ )ခုနှစ်၊ သီပေါမင်းပါတော်မူချိန်တွင် မျက်မှန်တော်ကြီးအခိုးခံခဲ့ရသဖြင့် ရွှေတောင်မြို့ဝန် ဦးမဲ က ဒုတိယမျက်မှန်တော်ကြီးကို ထပ်မံတပ်ဆင်ပူဇော်ခဲ့ပါတယ်... ခေတ်ကာလအခြေအနေမကောင်းသဖြင့် ရုပ်ပွားတော်ကြီး၏နောက်ဘက်ရှိစေတီတော်ကြီးတွင် ဌာပနာ၍ သိမ်းဆည်းပူဇော်ခဲ့ပါတယ်.....
တတိယမျက်မှန်တော်ကြီးကို ရွှေတောင်မြို့နယ်ပိုင်ဝန်ထောက် Mr.Hurtno နှင့် ဇနီးဖြစ်သူတို့ လှူဒါန်းပူဇော်ခဲ့ပါတယ်.... Mr.Hurtno က မိမိဇနီးမျက်စိဝေဒနာခံစားနေရသဖြင့် လောကီပညာ တတ်ကျွမ်းသည့် ရွှေမျက်မှန်ဆရာတော်ဦးထောင်ဘိုထံ ဆည်းကပ်အကူအညီတောင်းရာ မြတ်စွာဘုရားအား မျက်မှန်ကပ်လှူခြင်းဖြင့် ဇနီးသည်၏ မျက်စိဝေဒနာပျောက်ကင်းမည်ဟု မိန့်ကြားကုစားစေခဲ့ပါတယ်.. ဒီလိုနဲ့ Mr.Hurtno ရဲ့ဇနီးလည်း မျက်မှန်အသေးတစ်လက်ကို အဓိဌာန်ဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ တင်လှူပြီး မျက်စိကုသခဲ့ရာ ပျောက်ကင်းခဲ့ပါတယ်..။ ဒါကြောင့် Mr.Hurtno နဲ့ဇနီးတို့ဟာ အလေးချိန် ( ၆ )ပိဿာခန့်ရှိသော မျက်မှန်တော်ကြီးပြုလုပ်၍ တပ်ဆင်လှူဒါန်းပူဇော်ခဲ့ပါတယ်...
အထက်ဖော်ပြပါ နယ်ပိုင်ဝန်ထောက်မင်းနှင့်ဇနီး တို့ လှူဒါန်းခဲ့သော မျက်မှန်တော်ကြီးမှာ အနည်းငယ် ပျက်စီးလာသဖြင့် မြန်မာသက္ကရာဇ် ( ၁၂၆၄ )ခုနှစ်တွင် ပြန်လည်ပြုပြင် လှူဒါန်းပူဇော်ခဲ့ပါတယ်.... ထို့အပြင် (၁၃၆၂ )ခုနှစ်တွင် ရွှေစင်ရွှေသား (၃၉)ကျပ်သားဖြင့် မျက်မှန်တော်ကြီး၏ မူလပုံစံအတိုင်းရှိစေလျှက် ထပ်မံ လှူဒါန်းပူဇော်ခဲ့ပါတယ်....
ဖော်ပြပါ ရွှေမျက်မှန်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမျှော်ပြီး မျက်မှန်များဆက်ကပ်လှူဒါန်းကာ ဘုရားကြီးတွင်ရှိသော ဂါထာတော်ကိုရွတ်ဖတ်၍ အဓိဌာန်ပြုဆုတောင်းခဲ့ကြသော မျက်စိဝေဒနာရှင်များ မျက်စိအလင်းများ ပြန်လည်ရရှိခဲ့ဖူးပါကြောင်း အကျိုးမျှော်ကိုး၍ တင်ပြလိုက်ရပါတယ်......
သရေခေတ္တရာ(ပြည်မြို့ )၏သမိုင်းလေး တစ်ခု


သရေခေတ္တရာကိုအုပ်စိုးခဲ့သော “ ငါတပါးမင်း ” တည်ထားသော ဘုရားများနှင့် ရွှေဘဏ္ဍာ စေတီတော် သမိုင်းအကျဉ်း .....
သရေခေတ္တရာမြို့သည် ဒွတ္တဘောင်မင်း၏ မင်းဆက်(၉)ဆက်သို့တိုင် နန်းတက်အုပ်ချုပ်ခဲ့ရာတွင် သီရိရာဇ်မင်းသည် နောက်ဆုံးအုပ်ချုပ် စိုးစံခဲ့သောမင်းဖြစ်သည်။ သရေခေတ္တရာမြို့ကို အုပ်ချုပ်စိုးစံ ခဲ့သော မင်းဆက်ပေါင်း(၂၇)ဆက် ရှိခဲ့သည်။ ထိုမင်းများအနက် မင်းဆက်(၁၂)ဆက်မြောက်သော ဘုန်းကံကြီးမားငါတစ်ပါးမင်းသည် သာသနာသက္ကရာဇ်(၄၃၃)ခုနှစ်တွင် သရေခေတ္တရာခေါ် ပြည်မြို့ကို အုပ်ချုပ်စိုးစံခဲ့သော စတုတ္ထသံဃာရတနာတင်သည့် သဋ္ဋဂါမဏီမင်းတို့သည် တစ်ချိန်တည်း တစ်ပြိုင် တည်း အုပ်ချုပ်စိုးစံခဲ့သော မင်းများဖြစ်ကြသည်။ ထို “ငါတစ်ပါးမင်း” အုပ်ချုပ်စိုးစံခဲ့သော အချိန်တွင် ဗုဒ္ဓသာသနာ နေလပမာ ထွန်းလင်းတောက်ပစေရန် (၅၀၀)သော ရဟန္တာအရှင်သူမြတ်တို့သည် သာသနာပြုခရီးစဉ်အဖြစ် သီဟိုဠ်မှသည် သရေခေတ္တရာဆီသို့ ကြွရောက်သီတင်းသုံးတော်မူခဲ့သည်။ ထိုငါတစ်ပါးမင်းသည်လည်း အပါး(၅၀၀)သော ရဟန္တာအရှင်သူမြတ်တို့အပေါ်၌ ကြည်ညိုသဒ္ဒါစိတ် ထက်သန်စွာဖြင့် လေးပါးသောပစ္စည်းတို့ကို ထောက်ပံ့ချီးမြှောက်လျှက် ပစ္စည်းလေးပါးဒါယကာအဖြစ် ခံယူတော်မူခဲ့သည်။ ထို့နောက် တဖန်ဗုဒ္ဓသာသနာ နေလပမာသို့ ထွန်းလင်းစေရန် စိတ်ရည် သန်လျှက် သဒ္ဒါကြည်ဖြူ စေတီတော်(၁၂)ဆူကို ခေတ္တရာခေါ်တွင် ပြည်မြို့တွင်းပြင် ရပ်ရှစ်ခွင်၌ သာသနာပြုငြား ငါးတစ်ပါးဟု ထင်ရှားမှတ်ကျောက် တင်ကျန်လောက်အောင် တည်ထားကိုးကွယ် ခဲ့ပါသည်။
ငါတစ်ပါးမင်း တည်ထားအပ်သော စေတီတော်(၁၂)ဆူမှာ အောက်တွင်ဖတ်ကြား နောင်လားသားတို့ ရဟန်းရှင်လူများ ဗိုလ်လူသို့ ကိုးကွယ်အားထား မှတ်သားစေလိုသည်များမှာ -
(၁) ကြက်ခေါင်းစားစေတီတော်မြတ်
( ရတနာမာရ်အောင်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ )
(၂) ရတနာထီးဖြူစေတီတော်
( စက်မှုကွက်သစ် အနောက်ဘက်ထိပ်၊ ပြည်မြို့။ )
(၃) အတွင်းစည်းခုံစေတီတော်
( ကံဖျားကျောင်းဝန်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
(၄) တိဿစေတီတော်
( တဿကုန်း၊ ရွှေဆံတော်ဘုရားအရှေ့၊ ပြည်မြို့။ )
(၅) ရွှေပိန္နဲစေတီတော်
( ဖက်တန်းလမ်း၊စကားတောင်မြောက်ဘက်၊ပြည်မြို့။ )
(၆) ရွှေအုန်းပေါက်စေတီတော်
( ယိုးဒယာလမ်း၊ စကားတောင်မြောက်ဘက်၊ပြည်မြို့။)
(၇) ရွှေဘဏ္ဍာစေတီတော်
( ရဲစခန်းအနီး၊ န၀င်းဝါရုံ၊ ပြည်မြို့။ )
(၈) ရှင်တက်စေတီတော်
( ရွှေဘဏ္ဍာဘုရားတောင်ဘက်၊ ပေ၂၀၀ အကွာ )
(၉) ငါးမျက်နှာစေတီတော်
( ဗာရာဏသီကျောင်းဝန်း၊ န၀င်းရပ်ကွက်၊ ပြည်မြို့။ )
(၁၀) လေးမျက်နှာစေတီ
( ရွှေဆံတော်ဘုရား၊ အရှေ့မြောက်ဘက် )
(၁၁) ရွှေတံဆာစေတီတော်
( ရွှေတံခါးအရှေ့၊ နဂါးတွန့်အနီး၊ ပြည်မြို့။ )
(၁၂) ဖောင်တော်ဦးစေတီတော်
( ကမ်းနားလမ်း၊ န၀င်းရပ်ကွက်၊ ပြည်မြို့။ )
သာသနာပြု “ ငါတစ်ပါးမင်း ”တည်ထားအပ်သော စေတီတော်မြတ်(၁၂)ဆူမှာ သမိုင်း အထောက်အထား အကိုးအကားများအရ သက်တမ်းအားဖြင့် (၂၁၁၇)နှစ်ကြာခဲ့ပြီဖြစ်ကြောင်း သိရှိ မှတ်သား နိုင်ပါရန်ကြပါကုန်လော့………..။
တောအုပ်ထဲမှာငုတ်ရှိုးနေတဲ့"သတ္တဋ္ဌာန"





ပြည်မြို့ကို ရောက်ပြီဆိုရင် ပထမဆုံးဦးခိုက်မြင်ရမှာက ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်ရောက်ပြီဆိုပါက အရပ်ရှစ်မျက်နှာသဘာဝအလှရှုခင်းတွေ၊ ထည်ဝါ၀င့်တည် လှပနေတဲ့ န၀ဒေးတံတားကြီးရဲ့အလှ၊ အနီးအဝေးဘုရားစေတီပုထိုးတွေကို ရင်သပ်ရှုမော တွေ့မြင်နိုင်ပါသည်။ ပြည်မြို့ကို အပေါ်စီးက မြင်ရသည့် မြို့တည်နေပုံ အလှအပကိုလည်း လွှမ်းခြုံပြီး မြင်တွေ့နိုင်ပါသည်။ ပြည်မြို့၏ အဓိကရ ဘုရားပုထိုးတွေ၊ သမိုင်းမော်ကွန်းဝင်အဆောက်အဦးတွေကို ရွှေဆံတော်ကုန်းတော်ရင်ပြင်တော် ပေါ်ကနေ ဟိုမှာဒီမှာ တွေ့မြင့်နိုင်ပါသည်။ အရှေ့ဘက်မှာ ပြည်လုံးချမ်းသာဆယ်ထပ်ကြီးဘုရား၊ ဟိုးဝေးဝေးကို လှမ်းမျှော်ကြည်လိုက်ရင် ဘုရားကြီးဘုရား၊ ဘုရားမာဘုရားနှင့်ရှေးဟောင်းပျူမြို့တော်၏ လွမ်းမောဖွယ် ပုံရိပ်ကို ၀ိုးတ၀ါးတွေ့ရပါမည်။ မြောက်ဘက်ကိုလှမ်းကြည်မည်ဆိုလျှင် ဖိုးဦးတောင်စေတီနှင့် ဧရာဝတီမြစ်၏ စတုတ္ထမြစ်ကျဉ်းကိုလှမ်းမြင်နိုင်ပါသည်။ တောင်ဘက်ကိုကြည့်မယ်ဆိုရင်လည်း မင်းကြီးတောင်၏ အလှနှင့် သရေခေတ္တရာသမိုင်းအစ ဗေဒါရီဂူနှင့် ဗေဒါရီဂူတောရကျောင်းအပါအ၀င် မင်းကြီးတောင်အရိပ်မှာ ခိုနေကြသော တောရကျောင်းလေးတွေကို အိနြေ္ဒရရတည်ရှိနေတာ မြင်ရပါလိမ့်မည်။ အနောက်ဘက်ကို အနီး အဝေးဖြန့်ကြည့်မယ်ဆိုရင် ဧရာဝတီမြစ်ကြီးနှင့် န၀ဒေးတံတားကြီးကို အထင်းသားတွေ့နိုင်ပါလိမ့်အုံးမည်။ အနောက်ဘက်တောင်တန်းတလျှောက်မှာရှိတဲ့ တန့်ကြည့်တောင်စေတီ၊ ငွေဘုံသာ၊ ရွှေဘုံသာနှင့် ရွှေမုဌော စေတီတို့ကို လှမ်းမျှော်ကြည်ညိုလို့ရပါသည်။ ကျွန်တော်တို့ ပြည်မြို့သို့ ဘုရားဖူးရောက်သူတိုင်း အခုဖတ်နေချိန် မှာပင်လျှင် အခုချက်ချင်း မျက်စေ့ထဲမှာ မြင်ယောင်နေကြမည့် ရှုခင်းတွေ ဖြစ်ပါသည်။
သို့သော်လည်း ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်စောင်းတန်း၏ တောင်ဘက် အောက်ခြေမှာရှိသည့် “ သရက်ပင်၊ ကျီးပင်၊ လင်းလွန်းပင်၊ ဆိတ်ကျောင်းညောင်ပင်၊ မဟာဗောဓိပင် ” စသည့် ပင်အိုကြီးများနှင့် အုံ့အုံ့ဆိုင်းဆိုင်းရှိနေတဲ့ တောအုပ်ကလေးတစ်ခုကိုတော့ ဘယ်သူမျှယောင်လို့ပင် ငုံ့ကြည့်လိမ့်မည် မထင်ပါ၊ အဲဒီ့ တောအုပ်မှိုင်းမှိုင်းလေးကလဲ လူသိမှာဆိုးသည့်အလား ပြားပြားလေးဝပ်နေခဲ့ ပါသည်။ ပြည်မြို့၏ အဓိကရ သာသနိကအဆောက်အဦး၊ သမိုင်းဝင်နေရာအသီးသီးတို့၏ ကြားမှာ မျက်နှာမွဲ ၊ မျက်နှာငယ်နဲ့ နေခဲ့တာကြာခဲ့ပါပြီ။ ထိုတောအုပ်ကလေးအတွင်းမှာ ငုတ်ရှိုးနေရရှာတဲ့ ဗောဓိညောင်ပင်၊ အဇပါလညောင်ပင်၊ လင်းလွန်းပင်အိုကြီးများသည် ပြည်မြို့၏ ဗုဒ္ဓသာသနာဆိုင်ရာ သမိုင်းမြှုပ်ကွက်ကြီးတစ်ခု ကို အမိအရဆုပ်ကိုင်ထိန်းသိမ်းထားရှာတာ နှစ်ပေါင်းကြာခဲ့ပါပြီး။ ထိုတောအုပ်ကလေးအတွင်းမှာ ရှိသည့် ဘုန်းကြီးကျောင်းအိုကလေးတစ်ကျောင်းကလည်း ကုပ်ကုပ်လေးငြိမ်သက်စွာ ရှိနေပါသည်။ အဲဒီ့ ဘုန်းတော် ကြီးကျောင်းအိုကလေးအမည်က “ သတ္တဌာန ” ကျောင်းတဲ့ ။ သတ္တဌာန ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ဖါယ်ကို လည်း အများပြည်သူ/ပြည်သားများ ယောင်လို့တောင်တွေးကြည့်မိခဲ့ဟန် မတူပါ။ ပြီးခဲ့တဲ့ (၂၀၀၇)ခုနှစ်၊ နှစ်ဦး ပိုင်းမှာတော့ သတ္တဌာန ဆိုတာဘာလဲ။ ထိုတောအုပ်ကလေးအတွင်းမှာ ရှိတဲ့ ကျီးပင်၊ လင်းလွန်းပင်၊ ဆိပ်ကျောင်းညောင်ပင်၊ မဟာဗောဓိပင်နှင့်တကွ သာသနက အဆောက်အဦးတို့သည် မည်သည့်အဓိပ္ဖါယ်ကို ကိုယ်စားပြုတာလဲ စသည့်…စသည့် မေးခွန်းများ ပြည်မြို့သူမြို့သားတစ်ချို့၏ ရင်ထဲမှာ ပေါ်ပေါက်လာခဲ့ ကြပါတယ်။ ပြည်မြို့၊ ရွှေဆံတော်စေတီတော် အနောက်စောင်းတန်းခြေရင်းမှာရှိတဲ့ သတ္တဌာနအမည်ရှိ တောအုပ်လေးအတွင်းမှာ ငုတ်နေသည့် ဗုဒ္ဓသာသနာ့သမိုင်းမြှုပ်ကွက်ကို ဖော်ထုတ်တော့မည့် အမေးများ ဖြစ်လာခဲ့ပါသည်။
သတ္တဌာနကျောင်းဝန်းအတွင်းရှိ ဗောဓိညောင်ပင်ကို ကဆုန်လတိုင်းညောင်ရေသွန်းပွဲတော်ကို ပြုလုပ်နေကြသည့် ညောင်ရေသွန်းအကျိုးတော်ဆောင်အဖွဲ့တို့က ထိုတောအုပ်လေးအတွင်းမှ ကျောက်စာလေး တစ်ခုကိုအခြေပြုပြီး အဖြေရှာခဲ့ရာ မဟာဗောဓိပင်၊ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင် စသည့် အပင်အိုကြီးများ၏ သာသနာ့သမိုင်းသင်္ကေတများကို ဖော်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျောက်စာ လေးတွင် ဖော်ပြထားသည်မှာ ------------------
ကောဇာသက္ကရာဇ်(၁၂၈၂)တပို့တွဲလဆန်း(၈)ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဟာရာဇာမတ်ရှင် မိုးသွင်နှင့် ဇနီး၏ ပင့်ဖိတ်ချက်အရ ပြည်မြို့၊ ရွှေမြင်တင်ကျောင်းတိုက်ဆရာတော် ဦးဝိမလဘိဓဇသည် သင်္ဘောဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ခဲ့သည်။ ဗုဒ္ဓဂယာတွင် သတ္တဌာနသတ္တာဟဘုရားများကို ဖူးတွေ့ ခဲ့ရသည်။ ဆရာတော်ဝိမလဘိဓဇသည် မြန်မာပြည်မှ လူအများ ဖူးမျှော်နိုင်စေရန် ရည်သန်ခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်တွင် သတ္တာသဟဘုရားများတည်ရန် အိန္ဒိယနိုင်ငံ စစ်တကောင်းကျောင်းတိုက် ဆရာတော်၏ မယ်တော် ပြည်မြို့သူ ဒေါ်ဖြူသည် ဗုဒ္ဓဂယာ သတ္တဌာန(၇)နေရာမှ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်တို့မှ မျိုးစေ့များကို သတ္တာဟမြေ(၇)မျိုးဖြင့် မုစလိန္ဒာအိုင်၊ နေရဉ္ဇရာမြစ်၊ အနောမာမြစ်တို့မှ ရေဖြင့်လောင်း၍ သံဃာ(၇)ပါး၊ ပရိတ်ရွတ်ပူဇော်ပြီး ပျိုးခဲ့သည်။ ထိုအပင်များ ရှင်သန်လာသောအခါ အိန္ဒိယနိုင်ငံ စစ်တကောင်းကျောင်း ဆရာတော်မှ ပြည်မြို့၊ရွှေမြင်တင်ကျောင်း ဆရာတော်ထံ ပေးပို့ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှ သတ္တဌာန(၇)ဆူသော ဘုရားများ အတိုင်းအထွာအကွာ အဝေး ပန္နက်ပုံလည်းပါဝင်သည်။ ဗုဒ္ဓဂယာတွင်ရှိသော ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင် တည်ရှိပုံအနေအထား အကွာအဝေးများအတိုင်း တိကျစွာဖြင့် ပြည်မြို့ရွှေဆံတော်စေတီမြတ် ကြီး၏ အနောက်စောင်းတန်းနှင့်ကပ်လျှက်နေရာတွင် ပန္နက်ချတည်ဆောက်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် (၁၂၈၃)ခုနှစ်၊ တပို့တွဲလကွယ်နေ့တွင် အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ သတ္တဌာနဘုရားများ တည်နေပုံအကွာအဝေး အတိုင်းအထွာများအတိုင်း တိတိကျကျပုံတူပြုလုပ်ထားခဲ့ပါသည်။ ထိုသတ္တဌာနဘုရား(၇)ဆူ တည်ထားရာ ကျောင်းဝန်းကိုလည်း သတ္တဌာနကျောင်းတိုက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ(၆၈)နှစ်ရှိပြီ ဖြစ်ပါသောကြောင့် ထိုကျောင်းတိုက်အတွင်းရှိ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်နှင့် သာသနိကအဆောက်အဦးများသည် သဘာဝရာသီဥတုဒဏ် ကြောင့် ပျက်ဆီးယိုယွင်းလျှက်ရှိသည်ကို (၂၀၀၇)ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်၍ ခြုံနွယ်များရှင်းလင်းခြင်း၊ သတ္တာသဟဆိုင်ရာ သာသနိကအဆောက်အဦးဟောင်းများကို ဖော်ထုတ်ခြင်းများ / ပြုပြင်မွမ်းမံခြင်းများကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဆရာတော်ဒေါက်တာဥာဏိသရ၏ လမ်းညွှန်သြ၀ါဒကိုခံယူ၍ ပြုပြင်ထိန်းသိမ်းခြင်းကိစ္စအ၀၀ အမှားအယွင်းမရှိစေရန် သြ၀ါဒခံယူဆောင်ရွက်ခဲ့ သည့်အတွက် ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်အိုကြီးများ အထင်အရှားပေါ်လွင်လာပြီး၊ ဗုဒ္ဓဂယာတွင်တည်ရှိသော သတ္တာသဟ(၇)နေရာ၏ ပန္နက်ပုံစံအတိုင်း မုစလိန္ဒာအိုင်နေရာအပါအ၀င် တည်ထား ခဲ့သည်ကို အထင်အရှားဖူးတွေ့နိုင်ပြီ ဖြစ်ပါသည်။ ဘုရားဖူးရာသီများတွင် ပြည်မြို့သို့ဘုရားဖူးလာရောက်သူများ ပြည်ရွှေဆံတော်ဘုရား အနောက်စောင်းတန်း တောင်ခြေရှိ သတ္တဌာနဘုရားများကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တဌာနဘုရားများ၏ မုဒြာပုံစံများအတိုင်း ဗောဓိပင်၊ ဆိတ်ကျောင်းညောင်ပင်၊ ကျီးပင်၊ လင်းလွန်းပင် စသည့် ဗုဒ္ဓသာသနာ့သမိုင်းဝင် အဓိကရအထိမ်းအမှတ်များကို ဖူးမျှော်ကြည်ညို၍ ဓမ္မရသများကို ခံစားနိုင်ကြတော့မှာ ဖြစ်ပါတယ်။ နောင်များဆိုလျှင် ပြည်မြို့သို့ရောက်ခဲ့သည်ရှိသော် သတ္တဌာနဘုရားများတည်ရှိရာ ဗုဒ္ဓဂယာ မိတ္တူလေး တစ်ခုဖြစ်သည့် သတ္တဌာနတောအုပ်လေးကို မမေ့မလျော့ဘဲ ၀င်ရောက်ဖူးမျှော်နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ သတင်းစကား လက်ဆင့်ကမ်းလိုက်ပါတယ် မိတ်ဆွေတို့ …………….။

သီချင်းလေးတွေက ဒီမှာ


MusicPlaylist